Sunday, April 26, 2009

Living in Singapore XXIII (PR Application I)

အခန်း (၇)

ဧည့်နိုင်ငံသား (Permanent Resident – PR) လျှောက်ခြင်း

စင်ကာပူ သို့ လာရောက်မည့်သူများ၊ စင်ကာပူသို့ ရောက်ရှိ နေထိုင်နေသူများ အနေနှင့် မသိမဖြစ် သိထား ရမည့် အစိုးရ ဌာနများမှာ Ministry of Manpower (MOM) နှင့် Immigration and Check Point Authority (ICA) (လူဝင်မှု ကြီးကြပ်ရေးဌာန) တို့ ဖြစ်ပါသည်။ PR လျှောက်လိုသူများ ICA နှင့် ဆက်သွယ် ဆောင်ရွက် ကြရပါမည်။
အောက်ပါ သတင်း အချက်အလက်များကို စင်ကာပူ အစိုးရ၏ အင်တာနက် စာမျက်နှာ ဖြစ်သော http://www.ica.gov.sg မှ ရယူ ထားခြင်း ဖြစ်ပါ၏။ ဤတွင် ဖော်ပြထားသော အချက်အလက်များသည် ၂၀၀၉ မတ်လ ထိ သာ မှန်ကန်ပြီး နောက်ပိုင်း ပြောင်းလဲ နိုင်သည့် အချက်အလက် များကိုမူ အထက်ဖော်ပြပါ အင်တာနက် စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

၇၊ ၁။ မည်သူများ PR လျှောက် နိုင်သနည်း


အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများသည် PR လျှောက်ခွင့် ရှိပါ၏။
စင်ကာပူ နိုင်ငံသား / စင်ကာပူ ဧည့်နိုင်ငံသား (SPR) ၏ ခင်ပွန်း၊ ဇနီး သို့မဟုတ် အသက် ၂၁ နှစ်အောက် ရှိသူ သားသမီး
စင်ကာပူ နိုင်ငံသား ၏ အသက်အရွယ် အိုမင်းနေပြီ ဖြစ်သော မိဘများ
P, Q သို့မဟုတ် S Pass ကိုင်ဆောင်ထားသူများ
ရင်းနှီးမြှုပ်နှံသူ / စွန့်ဦးထွင် လုပ်ကိုင်သူများ

စင်ကာပူ နိုင်ငံ ပြင်ပတွင် နေထိုင်သော်လည်း စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်လိုသူ၊ ပညာဆည်းပူးလိုသူများ သည် SMC Management Consultants Pte Ltd မှ တဆင့် Singapore PR အတွက် in-principle approval လျှောက် ထားနိုင်ပါသည်။

၇၊ ၂။ မည်သည့် စာရွက်စာတမ်းများ တင်ပြရန် လိုသနည်း

လျှောက်လွှာကို http://www.ica.gov.sg မှ download လုပ်ယူနိုင်ပါသည်။ ထိုပုံစံ ရယူရန် သင်သုံးမည့် ကွန်ပြူတာတွင် Adobe Acrobat Reader တော့ လိုပါလိမ့်မည်။ သို့မဟုတ်ပါကလည်း အောက်ပါလိပ်စာတွင် သွားရောက်၍ အခမဲ့ ရယူနိုင်ပါသည်။


Permanent Resident Services Centre

5th Storey, ICA Building

10 Kallang Road (Next to Lavender MRT station)

Singapore 208718

၇၊ ၂၊ ၁။ P, Q သို့မဟုတ် S Pass ကိုင်ဆောင်ထားသူများ

၁။ စင်ကာပူ နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူ P, Q သို့မဟုတ် S Pass ကိုင်ဆောင်ထားသူများ သည် ၎င်း ကိုယ်တိုင်နှင့် သူ၏ ဇနီး၊ ခင်ပွန်း၊ လက်မထပ်ရသေးသော အသက် ၂၁ နှစ်အောက် သားသမီးများ နှင့်တကွ SPR လျှောက်နိုင်ပါသည်။
၂။ အောက်တွင် ဖော်ပြထားသော ပုံစံ (၄-က) ကို အပြည့်အစုံ၊ မှန်ကန်စွာ ဖြည့်စွက် တင်ပြ ရပါမည်။ မူရင်း တစ်စုံ၊ မိတ္တူ တစ်စုံ တင်ရန် ဖြစ်ပါသည်။







၃။ အထက် ဖော်ပြပါ ပုံစံကို အပြည့် အစုံ ဖြည့်ရပါမည်။ အကယ်၍ မိမိနှင့် မသက်ဆိုင်ပါက (N.A) ဟု ဖော်ပြ ရမည် ဖြစ်ပြီး မိမိတွင် ဘာမှ ဖော်ပြရန် မရှိပါက (Nil) ဟု ဖော်ပြရပါမည်။ ကွက်လပ် မချန်ထားပါနှင့်။ အကယ်၍ ဖော်ပြရန် ပေးထားသော ပုံစံသည် မလုံလောက်ပါက စာရွက် အလွတ်နှင့် ဆက်ရေးနိုင်ပါသည်။ ထို ထပ်ဖြည့် စာရွက်ပေါ်တွင် မိမိ နာမည်၊ IC No. စသည် တို့ကို ဖော်ပြရပါမည်။ သက်ဆိုင်ရာ ဌာနမှ စိစစ်သည့် အခါ လွယ်ကူ မြန်ဆန်ရန် မေးထားသော မေးခွန်းအားလုံး ဖြေဆိုရန်၊ ကွက်လပ် မချန်ပဲ ဖြည့်စွက်ရန် နှင့် စာရွက်တိုင်းတွင် လက်မှတ် ထိုးရန် အလွန် အရေးကြီးပါသည်။ မပြည့်မစုံ သော ပုံစံများသည် နှောင့်နှေး ကြန့်ကြာမှု များကို ဖြစ်ပေါ်စေသည့်ပြင် အခန့် မသင့်ပါက ပယ် စာရင်းထဲတွင် ပါသွားနိုင်ပါသည်။ သို့အတွက် ပေးထားသော ပုံစံကို အပြည့်အစုံ ဖြည့်ရန် နှင့် မှန်မှန် ကန်ကန် ဖြည့်စွက်ရန် လိုပါသည်။
ဤတွင် ကျွန်တော် တစ်ခု ဖြည့်စွက် ပြောလိုသည်မှာ မရိုးသားခြင်း သည် မည်သည့်အခါတွင်မျှ မကောင်း ဟူ သည့် အချက် ဖြစ်ပါသည်။ အကယ်၍ ပုံစံကို လိမ်ညာ ဖြည့်စွက်သည် ဆိုပါစို့။ သက်ဆိုင်ရာမှ သိသွားလျှင် မိမိအား ပယ် မည့်အပြင် နောက်ထပ် ထပ်လျှောက်ရန်လည်း ခဲယဉ်းသွားမည် ဖြစ်ပါသည်။ ထိုမျှသာ မကသေး၊ လက်ရှိ ရထားသော work pass ပေါ်ပါ ထိခိုက် နိုင်ပါသည်။ အထူးသဖြင့် ပညာအရည် အချင်း လက်မှတ်များ၊ ကုမ္ပဏီ ထောက်ခံစာများ၊ လက်မှတ် အတု များ ကို မည်သည့် အခါမှ မလုပ်ပါလေနှင့်။ ဒုက္ခ အကြီး အကျယ် ရောက်တတ် ပါသည်။

၎။ ဓါတ်ပုံ လိုအပ်ချက်

လွန်ခဲ့သော သုံးလအတွင်းက ရိုက်ထားသော လျှောက်လွှာရှင်၏ ဓါတ်ပုံကို စာမျက်နှာ (၁) မှ ပေးထားသော ကွက်လပ် တွင် ကပ်ပေးရပါမည်။ အကယ်၍ ဇနီး၊ မယား၊ သမီး၊ သားများပါ တွဲ လျှောက်လျှင် ၎င်း တို့၏ ဓါတ်ပုံများကို စာမျက်နှာ (၆) တွင် ပေးထားသော ကွက်လပ်များ၌ ကပ်ပေးရ ပါမည်။
ဓါတ်ပုံသည် -
v အကျယ် ၃၅ မီလီမီတာ၊ အမြင့် ၄၅ မီလီမီတာ ရှိရမည်။ ဘောင်များ မထည့်ရ။
v မျက်နှာပြည့် ဓါတ်ပုံ ဖြစ်ပြီး မိမိတို့ ရိုးရာအရ ၀တ်ဆင်သည့် ခေါင်းပေါင်းများမှ လွဲ၍ ခမောက်၊ ဦးထုပ် စသည်တို့ မဆောင်းထားရပါ။ သို့သော် ထို ရိုးရာ ခေါင်းပေါင်းများသည် မျက်နှာကို အုပ်မနေစေရ။
v မျက်နှာ အရွယ်အစားသည် ငယ်ထိပ်မှ မေးစေ့ထိ ၂၅ မှ ၃၅ မီလီမီတာ ထိ ရှိရမည်။
v နောက်ခံ သည် အဖြူရောင် ဖြစ်ရမည်။ ဓါတ်ပုံစက္ကူ အမျိုးအစားမှာ Matt သို့မဟုတ် Semi-Matt ဖြစ်ရမည်။

၅။ လျှောက်လွှာ အပြင် အချပ်ပို (Annex A) တွင် ကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို ဖော်ပြ ရပါသေးသည်။ ကုမ္ပဏီ သည် မည်သည့် လုပ်ငန်း အမျိုးအစား ဖြစ်သည်၊ မည်သည်တို့ လုပ်သည် စသည့် လုပ်ငန်း သဘာဝကို ဖော်ပြရန် ဖြစ်ပါသည်။ ဥပမာ - ကုန်ထုတ်လုပ်ငန်း ဖြစ်ပါက မည်သည့် ပစ္စည်း အမျိုးအစားများ ထုတ်လုပ် သည်။ ကုန်သွယ်ရေး လုပ်ငန်း ဖြစ်ပါက မည်သည့် ကုန်ပစ္စည်းများကို ရောင်းဝယ် ဖောက်ကားသည်။ အကယ်၍ ၀န်ဆောင်မှု လုပ်ငန်း ဖြစ်ပါက မည်သည့် ၀န်ဆောင်မှု လုပ်ငန်းများ စသည်တို့ ကို ဖော်ပြရန် ဖြစ်ပါသည်။

၆။ အပိုဒ် ၅ တွင် ဖော်ပြခဲ့သော ကုမ္ပဏီ နှင့် ပတ်သက်သည့် အချက် အလက်များ အား တာဝန်ရှိသူက လက်မှတ် ထိုး လိုက်ခြင်းသည် ယခု လျှောက်ထားသော လျှောက်လွှာနှင့် ပတ်သက်၍ လျှောက်ထားသူကို ထောက်ခံရာ မရောက်ပါ။ လျှောက်ထားသူ သည် လက်ရှိ မည်ကဲ့သို့သော ကုမ္ပဏီ၌ လုပ်ကိုင်နေသည် ဟု သတင်းရယူခြင်း သာ ဖြစ်ပါသည်။
ဤတွင် ကျွန်တော် ထပ်ဆောင်း ပြောလိုသည်မှာ အချို့ ကုမ္ပဏီများသည် သူတို့ကို ဤကဲ့သို့ လက်မှတ်ထိုးခိုင်း ခြင်းသည် လျှောက်ထားသူအား ကုမ္ပဏီ အနေနှင့် sponsor လုပ်ခိုင်းခြင်း၊ တနည်းအားဖြင့် PR လျှောက်ခြင်းကို ထောက်ခံခိုင်းခြင်း ဖြစ်သည် ဟု အမှတ်လွဲကာ အချို့ကလည်း သိသိကြီးနှင့် အတင်းငြင်းကာ ဤသို့ လက်မှတ်ထိုးခြင်း အတွက် ဘယ်နှနှစ် ပြန်လုပ်ပေးရမည် စသဖြင့် အကျပ်ကိုင် တတ်ကြပါသည်။ အချို့ကလည်း လက်မှတ်ထိုးရန် ငြင်းဆန် တတ်ကြပါသည်။
ဤတွင် ကျွန်တော်က သူတို့ လက်မှတ်မထိုးလည်း ဘာမှ မဖြစ်ပါ ဟု ပြောလိုပါသည်။ ဤ ပုံစံကို ဖြည့်ရန် ကုမ္ပဏီ အနေနှင့် ငြင်းဆန်နေပါက စာရွက် အလွတ်ပေါ်တွင် မိမိလက်ရေးနှင့် မိမိသည် ပုံစံ (Annex A ) ကို ဖြည့် ရန် ကုမ္ပဏီသို့ မေတ္တာရပ်ခံကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ ဖြည့်ရန် နှင့် လက်မှတ် ထိုးရန် ငြင်းဆန်သည့် အကြောင်း၊ မိမိတို့ ကုမ္ပဏီ၏ လုပ်ငန်းသဘာဝ နှင့် မည်သည်တို့ လုပ်နေသည်ကို မိမိသိသမျှ ရေးကာ ဤဖော်ပြပါ အချက်တို့ သည် မှန်ကန်ပါကြောင်း လက်မှတ် ထိုးတင်လိုက်လျှင်လည်း ရပါ၏။
Form Annex A ပေါ်တွင် ကုမ္ပဏီ လက်မှတ် ထိုးခြင်း၊ မထိုးခြင်း သည် PR ကျခြင်း၊ မကျခြင်း နှင့် မည်သို့မျှ မပတ်သက်ပါ ဟု ပြောလိုပါသည်။

၇။ လျှောက်လွှာနှင့် အတူ ပူးတွဲ တင်ပြရမည့် စာရွက် စာတမ်းများ

ဤ အပိုဒ် သည် အလွန် အရေးကြီးပါ၏။ PR ကျခြင်း၊ မကျခြင်းကို တိုက်ရိုက် အဆုံးအဖြတ် ပေးသော စာရွက် စာတမ်းများ ဖြစ်ပါသည်။ PR လျှောက်တော့မည်ဟု စိတ်ကူးသည်နှင့် တပြိုင်နက် အောက်ဖော်ပြပါ စာရွက်စာတမ်းများ အားလုံးကို စတင် စုဆောင်းရပါမည်။ မြန်မာနိုင်ငံသားများ အဖို့ မြန်မာပြည် တွင် ရခဲ့သော လက်မှတ်များ ဖြစ်ပါက မူရင်း မြန်မာဘာသာ နှင့် လက်မှတ်ကိုပါ တင်ပြရန် လိုပါသည်။
တင်ပြရာတွင် မူရင်းရော၊ မိတ္တူပါ လိုအပ်ပါသည်။ အကယ်၍ လက်မှတ်သည် မြန်မာဘာသာနှင့် ဖြစ်နေပါက အင်္ဂလိပ် ဘာသာပြန် (Notri-public) ပါ လို ပါသည်။ ဤတွင် မူရင်း လက်မှတ်များကို တင်ရန် မလိုပဲ လျှောက်လွှာသွား တင်ပါက ယူသွားပြီး ရုံးတော်သို့ လက်မှတ် အစစ်ဟုတ်ကြောင်း ထုတ်ပြရန်သာ လိုပါသည်။ သူတို့က မိတ္တူကို မူရင်း နှင့် တိုက်ဆိုင် စစ်ဆေးပြီးသည်နှင့် မူရင်းကို ချက်ခြင်း ပြန်ပေးလိုက်ပါသည်။

၁) လျှောက်ထားသူ (ဇနီး၊ သားသမီးများ အပါအ၀င်) များ၏ ပတ်စ်ပို့
ပတ်စ်ပို့ မိတ္တူတွင် တံဆိပ်တုံးထုထားသော စာမျက်နှာ အားလုံးကို မိတ္တူကူးပါ။
၂) နိုင်ငံသား စိစစ်ရေးကဒ်ပြား
၃) Work Pass ( P Pass , Q Pass, S Pass )
၎) ပညာ အရည်အချင်း မှတ်တမ်းများ နှင့် အမှတ်စာရင်း များ၊ လုပ်ငန်းဆိုင်ရာ အဖွဲ့ဝင် လက်မှတ်များ၊ သက်မွေး ၀မ်းကျောင်း သင်တန်း လက်မှတ်များ။ အကယ်၍ လျှောက်ထားသူ သည် ဘွဲ့ရ ဖြစ်ပါက ဘွဲ့လက်မှတ် (သို့မဟုတ်) ဒီပလိုမာ လက်မှတ် ကို မိတ္တူ နှစ်စုံ စီ ကူးတင်ရမည် ဖြစ်ပါသည်။
၅) တရားဝင် လက်ထပ်စာချုပ်
၆) မွေးစာရင်း နှင့် အိမ်ထောင်စု စာရင်း
၇) ယခု ကုမ္ပဏီ မတိုင်မီက လုပ်ခဲ့သော ကုမ္ပဏီ ၏ ထောက်ခံစာ။ ထို ထောက်ခံစာတွင် ရာထူး၊ တာဝန် ၀တ္တရား များ၊ ကာလ နှင့် နောက်ဆုံးထုတ် အခြေခံ လစာ တို့ကို ဖော်ပြရမည်။
၈) ပြီးခဲ့သည့် ၆ လ က ထုတ်ယူခဲ့သော လခ ပြေစာ ဖြတ်ပိုင်းများ နှင့် လွန်ခဲ့သော ၃ နှစ် ၏ အခွန်ဆောင် ပြေစာများ (Tax Notices Assessment for the last 3 years)
၉) မိမိ၏ ဇနီး၊ ယောက်ျား ပါ ပူးတွဲ လျှောက်ထားမည် ဆိုပါက ထိုသူ၏ ပညာ အရည်အချင်း မှတ်တမ်း၊ လက်မှတ်၊ အမှတ်စာရင်း၊ မွေးစာရင်း၊ မှတ်ပုံတင် စသည်များ
၁၀) မိဘ နှစ်ပါးစလုံး ၏ အမည် ဖော်ပြထားသော သားသမီးများ၏ တရားဝင် မွေးစာရင်း၊ အကယ်၍ မွေးစား သားသမီး ဖြစ်ပါက တရားဝင် မွေးစားစာချုပ်
၁၁) အကယ်၍ မိမိ၏ ခင်ပွန်း၊ ဇနီးတွင် ပထမ အိမ်ထောင် ရှိခဲ့ပါက ထိုသူနှင့် တရားဝင် ပြတ်စဲကွာရှင်းကြောင်း လက်မှတ် (သို့မဟုတ်) ပထမ အိမ်ထောင်သည် သေဆုံးခဲ့ပါက သေဆုံးကြောင်း ဆေးရုံထောက်ခံစာ (Death Certificate)

ရှင်းလင်းချက်

၁) မိမိ ပတ်စ်ပို့ သည် သက်တမ်း ကုန်ခါနီးနေပြီ ဖြစ်ပါက သက်တမ်း ထပ်တိုးပြီးမှ လျှောက်ပါ။
၂) နိုင်ငံသား စိစစ်ရေး ကဒ်ပြားကို Notri လုပ်ပါ။
၎) ဘွဲ့လက်မှတ် များကို မြန်မာဘာသာ နှင့်ရော Notri ပါ တင်ရပါမည်။
၇) ယခင် ကုမ္ပဏီမှ ထောက်ခံစာ မရနိုင်ပါက မရနိုင်ကြောင်း လက်ရေးနှင့် ရေးတင်ပါ။ သို့သော် ထို ကုမ္ပဏီတွင် မိမိ မည်သည့် ရာထူးနှင့် လုပ်ပြီး မည်သည့်တာဝန်များ ယူရကြောင်း၊ လခ မည်မျှ ရကြောင်း မှန်မှန် ကန်ကန် ရေးပါ။
၈) ပြီးခဲ့သော ၆ လက ထုတ်ခဲ့သည့် လခ ပြေစာ ဖြတ်ပိုင်းများ မရနိုင်လျှင် မိမိဘာသာ စာရွက် အလွတ်ပေါ်တွင် မည်သည့်လက လခ မည်မျှရသည် ကို ဇယားလေးဆွဲကာ အောက်မှ လက်မှတ်ထိုး တင်လိုက်ပါ။
လွန်ခဲ့သော ၃ နှစ် ၏ အခွန်ဆောင် ပြေစာများ (Tax Notices Assessment for the last 3 years) ကို Income Tax ရုံး ( Novena MRT ) တွင် သွားတောင်းပါ။ ချက်ခြင်း ထုတ်ပေးပါလိမ့်မည်။ အကယ်၍ မိမိသည် စင်ကာပူတွင် အလုပ်လုပ်သူ မဟုတ်ပါက စာရေးပြီး တင်လိုက်ပါ။

အပိုဒ် ၇ တွင် ဖော်ပြထားသော အခြေခံ လစာ (Basic Salary) ကို အောက်ပါအတိုင်း ရှင်းထားပါသည်။
အခြေခံ လစာ တွင် အောက်ပါတို့ မပါဝင်ပါ။
က) အချိန်ပိုကြေး (Overtime), ဆုကြေး (bonus) or ဝေစု (commission)
ခ) ခရီးစရိတ် (Travelling) စားသောက် (Food) နေထိုင် စရိတ် ( Housing) (allowance)
ဂ) အလုပ်ရှင်ကသာ ပေးဆောင်ရသည့် အခြား ပင်စင် ရံပုံငွေ၊ ထောက်ပံ့ကြေး စသည်
ဃ) အလုပ်သမားသို့ နစ်နာကြေး စသည့် ပုံမှန်မဟုတ်သော တလုံးတခဲထည်း ပေးရသော ငွေကြေးများး
င) အလုပ်မှ အနားယူခြင်း အတွက် ပေးရသော ခံစားခွင့် ငွေကြေးများ

၈။ လျှောက်လွှာတင်ခြင်း

PR Application လျှောက်လွှာကို တင်ရာတွင် တင်ကြို အချိန်းအချက် (appointment) ယူပြီးမှ သာ သွားတင် ရပါမည်။ Appointment ကို လူဝင်မှု ကြီးကြပ်ရေးရုံး၏ အင်တာနက် ၀က်ဘ်ဆိုဒ် ဖြစ်သော http://www.ica.gov.sg တွင် လုပ်နိုင်ပါသည်။ အချိန်းအချက် လုပ်ထားသောနေ့တွင် အထက် အပိုဒ် (၇) တွင် ဖော်ပြထားသော စာရွက်စာတမ်း များ အားလုံးကို မူရင်းရော၊ မိတ္တူများပါ ယူသွားရပါမည်။
အဆင် ပြေစေရန် စောစောသွားပါ။ နောက်မကျ ပါစေနှင့်။ စာရွက် စာတမ်းအားလုံး စုံပါစေ။ ကောင်းသည်မှာ နက်ဖြန် သွားရမည် ဆိုလျှင် သည်နေ့ကတဲက စာရွက်စာတမ်းများ ကို စုံမစုံ အထပ်ထပ် စစ်ဆေးပြီး အဆင်သင့် လုပ်ထားရပါမည်။ ချိန်းထားသည့် အချိန်ထက် နာရီဝက် စောပြီးရောက်အောင် သွားပါ။
သွားရမည့် လိပ်စာမှာ -

Permanent Resident Services Centre
Immegration & Checkpoints Authority5th Storey,
ICA Building 10 Kallang Road (Next to Lavender MRT station)
Singapore 208718

ဖြစ်ပါ၏။

စာတိုက်မှ လျှောက်ထားခြင်းကို လုံးဝ လက်မခံပါ။

သတ်မှတ်ထားသော စာရွက်စာတမ်းများကို အပြည့်အစုံ တင်ပါ။ မပြည့်စုံသော လျှောက်လွှာများကို လက်ခံလိမ့်မည် မဟုတ်ပါ။
လျှောက်လွှာ ထဲတွင် ဖြည့်ထားသော အချက်အလက်များသည် တိကျ၊ ပြည့်စုံ မှန်ကန်ရမည့် အပြင် လိုအပ်ပါက စစ်ဆေး မေးမြန်းခြင်း ကိုပါ ခံနိုင်ရမည် ဖြစ်ပါသည်။ အကယ်၍ လိုအပ်လျှင် အခြား အထောက်အကူ စာရွက် စာတမ်းများ ကိုပါ ပူးတွဲ တင်ပြ နိုင်ပါသည်။

၉။ ယခင်က PR ကျပြီး ပြန်လည် ရုပ်သိမ်းကာ CPF ပိုက်ဆံများ အားလုံးကို ပြန်လည် ထုတ်ယူ ထားသူများ အနေနှင့် နောက်တစ်ကြိမ် PR ပြန်လည် လျှောက်သော အခါ approve letter ရသည်နှင့် ထို ထုတ်ယူခဲ့သော CPF ပိုက်ဆံ အားလုံးကို အပြည့်အ၀ ပြန်လည် ပေးသွင်းရန် လိုပါသည်။
ထိုကဲ့သို့ ပြန်လည် ပေးသွင်းပြီးကြောင်း CPF မှ ပေးပို့သော စာကို ရမှသာလျှင် PR လျှောက်ထားခြင်း ကိစ္စကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါ၏။ အကယ်၍ မရှင်းလင်းသည်များ ရှိပါက အောက်ပါ လိပ်စာသို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။

Central Provident Fund Board
79 Robinson Road CPF Building
Singapore 068897
Contact number : 1800-2271188
Email: closingac@cpf.gov.sg

၁၀။ PR လျှောက်ထားစဉ် လိပ်စာပြောင်းသွားပါက ICA သို့ ချက်ခြင်း အကြောင်းကြားရပါမည်။ သို့မှသာ PR ကျမကျ အဖြေကို မှန်ကန်စွာ ပေးပို့နိုင်မည် ဖြစ်ပါ၏။

၁၁။ မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စင်ကာပူ လူဝင်မှု ကြီးကြပ်ရေးဌာန အနေဖြင့် အခြားသော စင်ကာပူ အစိုးရဌာနများသို့ သတင်းပေး ထားမည် ဖြစ်ပါ၏။ သို့မှသာ လျှောက်လွှာရှင် အနေနှင့် အခြားဌာနများ နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လျှင်မြန် လွယ်ကူမည် ဖြစ်ပါသည်။ အကယ်၍ လျှောက်ထားသူ အနေနှင့် ဤသို့ သတင်း ဖြန့်ဝေမှု ကို မလိုလားပါက သီးသန့် တရားဝင် လျှောက်ထားနိုင်ပါသည်။

၁၂။ PR ကျသည်နှင့် တပြိင်နက် လက်ရှိကိုင်ဆောင် ထားသော Work Pass (P/Q/S Pass) ကို cancel (invalidate) လုပ်ရပါမည်။ မိမိနှင့် အတူလျှောက်သည့် ခင်ပွန်း၊ ဇနီး၊ သားသမီးများသည် Dependent Pass / Long Term Social Visit Pass စသည် ကိုင်ထားသူများ ဖြစ်ပါ က PR ကျသည်နှင့် တပြိင်နက် ထို pass များကို Ministry of Manpower သို့ ချက်ခြင်း ပြန်လည် အပ်နှံကာ cancel လုပ်ရပါမည်။ Cancel လုပ်ရန် အတွက် sponsor လုပ်ထားသော အဖွဲ့အစည်း မှ cancellation letter ကို ယူဆောင် လာရပါမည်။

သတိပေးချက်
၁၃။ အကယ်၍ ဤလျှောက်လွှာတွင် မမှန်မကန် ဖြည့်စွက်ခဲ့ပါက သို့မဟုတ် လက်မှတ် အတုများကို တင်ပြခဲ့ပါက လူဝင်မှု ကြီးကြပ်ရေးနှင့် သက်ဆိုင်သော ကိစ္စ အ၀၀ကို ငြင်းပယ်ခြင်း ခံရပါမည်။ ထို့ပြင် စင်ကာပူ ဥပဒေမှ ပြဌာန်းထားသော ကြီးလေးသည့် ပြစ်မှု၊ ပြစ်ဒါဏ်များကိုလည်း ကျခံရမည် ဖြစ်ပါသည်။

No comments: